အသံသာတဲ့ ဖါးမ, လေး အကြောင်း
ဘဝရဲ့ တစိတ်တပိုင်းတွေမှာ ကမ်းကုန်လို့ ရေထဲ ရောက်ခဲ့ဖူးတဲ့ အချိန်တွေ ရှိဖူးခဲ့တယ်၊ ဒီလိုပဲ သင်္ဘောသား ဘဝနဲ့ ရေထဲဦးဒဟို လျှောက်သွားနေယင်း အရှေ့တောင်အာရှ နိုင်ငံတွေထဲက အလွန် အနောက်တိုင်း ဆန်ပြီး၊ ရွှေတွေ အမည်သညာ ပြုခေါ်ဆိုတဲ့ ဖါးနိုင်ငံ ဖိလစ်ပင်းကို အကြိမ်ကြိမ် ကျွန်းကြို ကျွန်းကြား ကျွန်းသိမ် ကျွန်းဖျင်းတွေက အစ ရောက်ဖြစ်ခဲ့တယ်၊ သူတို့ဟာ ရိုမန်ကက်သလစ် ဘာသာဝင်တွေ( တောင်ပိုင်း မင်ဒါနာအို ဖက်ကို မဆိုလိုပါ) ဖြစ်တာနဲ့ အညီ အလွန်သိမ်မွေ့ ပျော်ရွှင်တတ်သလို ဂီတကိုလည်း အရွယ် ၃ပါးမရွေး ခုံမင်ကြတာကို ထူးထူးခြားခြား တွေ့ရတယ်၊ အခုထိ အမှတ်ရနေမိတာက ၁၉၉၀ ခုနှစ် ဝန်းကျင်လောက် အဲဒီနိုင်ငံရဲ့ စားသောက်ဆိုင် ယဉ်ကျေးမှုတွေမှာ စင်တင် တေးဂီတတွေ အကြီးအကျယ် ထွန်းကားနေခဲ့ပြီး၊ ဖျော်ဖြေ တင်ဆက်မှုတွေဟာ အံ့ဘနန်း အနောက်တိုင်း မူရင်း အဆိုတော်တွေ ထပ်တူ သီဆိုတီးခတ် နိုင်တာတွေ တွေ့ခဲ့ရတယ်၊ ဘာမှမရှိတဲ့ ကျွန်းသိမ်လေးက ဗြစ်ရည်ဆိုင်မှာ ဆိုင်ရှင်က သေရည်ရောင်းယင်း ဟော်လိုဂစ်တာ နဲ့ စားသုံးသူကို ဖျော်ဖြေနိုင်ကြတဲ့ အထိ ဂီတကိုရူးသွပ် ကြတယ်၊ ဘာသာရေး ဓလေ့နဲ့ နှီးနွှယ်တာလဲ ပါနိုင်တာပေါ့ ... လေ။ တလောက မိတ်ဆွေ တယောက်ရဲ့ အလှူက အပြန် သားတော်မောင်က ပူဆာလို့ ရုံတင်နေတဲ့ ချစ်စရာ ရှဉ့်ကလေးတွေ အကြောင်း အထူး ပြုလုပ်ချက်တွေနဲ့ ရိုက်ထားတဲ့ "Alvin and the Chipmunks 2: The Squeakquel" ရုပ်ရှင် ဝင်ကြည့်ဖြစ်တယ်၊ ရုပ်ရှင်ပြတော့ အလှူက စားလာတဲ့ ထမင်းဆိပ်သင့် သလိုဖြစ်ကာ ရုပ်ရှင်ပြပြီး သိပ်မကြာခင်ပဲ ဆတ်ကနဲ အိပ်ပျော်သွားတယ်၊ ရုံထဲမှာလည်း စိမ့်နေအောင် အေးတာမို့ စိတ်နှစ်လိုက်တယ် ဆိုယင်ပဲ ဟောက်သံပါ ထွက်လာတော့ အာရုံမှာ တစုံတယောက်က လက်တို့ အသိပေးသလို သိလိုက်ရပြီး “ဒယ်ဒီ ….. လူရှေ့သူရှေ့ဒီလို မဖြစ်သင့်ဖူး ထင်တယ်လို့” သူ့ကို ကိုယ် သတိပေး ပြောနေကျ စကား ... သားတော်မောင်က ချိန်သားကိုက် ပြန်ပြော..လို့ ကိုယ့်ကြိုးနဲ့ ကိုယ်တုတ်ပြီးသား အခြေအနေတွေ ဖြစ်ခဲ့ရတယ်။
ဒါနဲ့ ၅၅၀ နိပါတ်တော်လာ ဇါတ်ကြီး ထဲကလို နွားကလေးနို့ နွားကြီးစို့ ခေတ်ကြီးမှာ အဖေကို သားတော်မောင်က သြဝါဒ ချွေထားတယ် ဆိုတော့ မျက်လုံးကို ပြူးပြဲထားပြီး စိတ် မပါ့တပါနဲ့ ရုပ်ရှင်ဆုံးအောင် ကြည့်လိုက်တော့ ရုပ်ရှင် နောက်ခံသီချင်း သီဆိုထားတာကို သတိကြီးစွာ ထားမိတယ်၊ အတော် ဆွဲဆောင်မှု ကောင်းတဲ့ အသံရှင်မို့ပါ၊ ဒါနဲ့နောက်ပိုင်း အိမ်ရောက်လို့ သတိရကာ ထုံးစံအတိုင်း အင်တာနက်မှာ လိုက်ရှာတော့ အာပါးပါး တွေ့ပါပြီ ဖိလစ်ပင်း သူလေး “ရှရီး ပန်ပင်းကို ” ပါ။ ဒီရုပ်ရှင် နောက်ခံသီချင်း “No One” ကို သူမနဲ့ အတူ အဆိုတော် “အလက်ရှာကီး” တို့ ဆိုကြတာပါ။ သူမကို စတင် သတိထားမိခဲ့တာ ကတော့ လွန်ခဲ့တဲ့ နှစ်တွေက ဘလော့ဂ်တွေမှာ Surfing လုပ်တုန်း ( အခုတော့ အဲဒီဖေါ်ပြတဲ့ ဘလော့ဂ် အမည်မေ့နေလို့ပါ ) သူမ သီချင်းတွေနဲ့ အဲဒီ ဘလော့ဂ်မှာ တင်ပြထားတာ တွေ့လို့ ယူတုဘ်မှာ သွားလိုက်ကြည့် လိုက်သေးတယ်၊ အလွန်လက်ခံ နိုင်ဖွယ်ရှိတဲ့ အဆိုရှင်ပါ။ မနေ့ကတော့ အေးစိမ့်စိမ့်ရာသီမှာ သီချင်းလေး နားထောင်းယင်း အလုပ် လုပ်မယ် ဆိုတော့ သူမ အကြောင်း စဉ်းစားမိပြီး၊ ယူတုဘ်မှာ လိုက်ရှာ ကြည့်လိုက်တာ ၂နှစ် ၃နှစ် အတွင်း ဒီသူငယ်မရဲ့ အံ့မခန်း အောင်မြင်မှုတွေ တွေ့ရှိရလို့၊ အစားကောင်း စားရယင် မိတ်ဆွေတွေကို သတိရတတ် လွန်းလို့ ဘလော့ဂ်ကြွလာ သီချင်း ဝါသနာရှင်များ အတွက် အသိသညာ sharing လုပ်၍ ဘလော့ဂ်ဂင်း လိုက်ရပါတယ်။
ရှရီး ပန်ပင်းကို (ခေါ်) ရှရီးလ် ရဲ့ နာမည် အပြည့်အစုံကတော့ ချာမိန်း ကလယ်ရီ ရီလ်လူစီယို ပန်ပင်းကို ပါ၊ မနီလာ တောင်ဖက်က မြို့သိမ်လေး ဆန်ပယ်ဒရို ကပါ၊ သူ့အဖေက အခု ဖိလစ်ပင်းမှာ တွေ့နေရသလိုပဲ ဆူပူအကြမ်းဖက်မှု တခုမှာ ကွယ်လွန်ခဲ့ရတယ်လို့ ဆိုပါတယ်၊ အမေဖြစ်သူ ရေကွယ်ခ်ျ ရဲ့ သွန်သင်မှုနဲ့ အတူကြီးပြင်း လာကာ၊ ၁၉၉၂ ခုနှစ်ဖွား ဖြစ်တယ်လို့ ဆိုပါတယ်၊ အခုဆို ၁၈နှစ်ဝန်းကျင် ဆယ်ကျော်သက်ပေါ့၊ အမေနဲ့ အဒေါ်ဖြစ်သူရဲ့ informal voice lessons တွေ သင်ပြမှုနဲ့ အတူ ရှရီးလ် ဟာ ၄နှစ်သမီးမှာ သီချင်း စဆိုနေပါပြီ၊ ၂၀၀၅ ခုနှစ်ရောက်တော့ အခု ကမ္ဘာကျော် အမေရိကန် အိုင်ဒိုးလို ဖိလစ်ပင်းက သီချင်းဆို ပြိုင်ပွဲ ဖြစ်တဲ့ “Little Big Star” မှာ တတိယ ဆုရလိုက်တယ်၊ ဒီလိုနဲ့ သူမ သီချင်းဆိုနေရင်း၊ များမကြာမီ နှစ်တွေ ဖြစ်တဲ့ ၂၀၀၇ ခုနှစ် ရောက်တော့ အသံပါဝါအား ကောင်းလှတဲ့ သူမဟာ ယူတုဘ် ချာနယ်ကနေ သူဆိုတဲ့ သီချင်းတွေကို လွှင့်တင်လိုက်ရာမှာ မီလျံနဲ့ချီတဲ့ လာရောက် နားဆင်သူတွေ တုန့်ပြန်မှုကို ရရှိခဲ့တယ်၊ ဒီမှာ အိမ်နီးနားချင်း နိုင်ငံဖြစ်ပြီး အကွက်မြင်တဲ့ တောင်ကိုရီးယား နိုင်ငံက တယ်လီဗေးရှင်း ချာနယ်တခုက Star King အစီစဉ်ကနေ ခေါ်ယူစီစဉ် တင်ဆက်လိုက်ချိန်မှာ အတော်များများ နိုင်ငံတကာက သတိထားမိ လာကြတယ် လို့ ဆိုတယ်။
ဖိလစ်ပင်း သမ္မတ အာရိုးယို လိုပဲ ခပ်ညက်ညက် ကလေးပေမဲ့ အသံပါဝါက လူနဲ့မလိုက် ကြောက်စရာ ကောင်းလောက် အောင် ကြီးမားပြီး အသံ ကာရိုက်တာ ထူးခြား ကောင်းမွန်သူပါ၊ တဆက်ထဲ အမေရိကားက တယ်လီဗေးရှင်းနဲ့ အခြားသော ဖျော်ဖြေတင်ဆက်မှု လောကမှ လဒ်မြင်ပြီး အထူး အောင်မြင်နေတဲ့ အဲလ်လန် လို့ လူသိများတဲ့ Ellen DeGeneres နဲ့ ဆာလစ်ဘရစ်တီ လောကမှာ ဆရာမကြီး ဖြစ်တဲ့ အော်ပရာ ဝင်းဖရေး တို့ကလည်း ရှရီးလ် ကို ရှေ့ဆင့်နောက်ဆင့် ခေါ်ယူပြီး Talk Show တွေ Good morning America တို့လို ရှိုးတွေ၊ ဂရိတ်ဗြိတိန်က The Paul O'Grady ရှိုးတွေမှာ ကြောက်မက်ဖွယ် ကောင်းလှအောင် အသံပါဝါရှိပြီး ဝှစ်တနီ ဟူစတန်၊ ဆလင်း ဒီယွန် သီချင်းတွေကို မရိုင်းကာရေး နဲ့ အာရှရဲ့ သီချင်းငှက်လို့ ဆိုတဲ့ ဖိလစ်ပင်း အဆိုတော် ရီလ်ဂျင်း ဗီလက်(စ်)ကွစ် တို့ရဲ့ လွှမ်းမိုးမှု စတိုင်နဲ့ သီဆိုပြခဲ့လို့ ကမ္ဘာက အလန့်တကြား တွေ့လိုက်ရတဲ့ အဆိုရှင် ခလေးငယ်ပါ။
နောက်ပိုင်းတွေမှာ သူမကို နိုင်ငံတကာ တယ်လီဗေးရှင်း ချာနယ်တွေ၊ ဧည့်ခံပွဲတွေ မှာ ဖိတ်ခေါ်ပြီး သီဆိုစေခဲ့ပါတယ်၊ ဒီ့နောက် သူမအတွက် ပိုလို့ အခွင့်အလမ်း ပွင့်သွား စေတာကတော့ နောက်တကြိမ် အော်ပရာ ဝင်းဖရေး က ခေါ်ယူပြီး "The Most Talented Girl in the World" ဆို ညွှန်းဆို စီစဉ်ပေးလို့ နယူးယောက်က မက်ဒီဆင် စကွဲယားလ် ကွန်ဆတ်မှာ ဆလင်းဒီယွန် ရဲ့ ကွတ်ဆတ်ရှိုးမှာ သူမနဲ့ အတူတွဲပြီး "My Heart Will Go On" သီချင်း သီဆိုခွင့် ရချိန်မှာ တကမ္ဘာလုံးက သူမကို မျက်စေ့ ဒေါက်ထောက်ကြည့်လာ ကြတယ်၊ ဒီနောက်ပိုင်း ဒီခလေး မလေးက တင်းနစ် အကျော်အမော် အင်ဒရေ အဂ္ဂါဆီ နဲ့ ရံပုံငွေပွဲတွေ တချိန်က ကပ်ဆီယပ် ကလေး (ခေါ်) လက်ဝှေ့ ဘုရင်ကြီး မိုဟာမက် အလီ တို့နဲ့ အလှူပွဲတွေ အပြင် နီဗါးဒါးက လတ်(စ်)ဗီဂတ်(စ်) မှာ အထက်တန်းလွှာ တွေကြား ရံပုံငွေ ရှာပွဲတွေမှာ သီဆိုခဲ့တယ်၊ ပြီးခဲ့တဲ့ နှစ်ကလဲ စင်္ကာပူ အိုင်ဒိုးလ်မှာ လာဆို သွားသေးတယ်လို့ ဆိုပါတယ်။ အော်ပရာရဲ့ စီစဉ်ပေးမှုနဲ့ပဲ အခွင့်အလမ်းတွေ ပိုပွင့်ပြီး၊ ကနေဒီယံ ပရိုဂျူဆာ/သီချင်းရေးသူ၊ စန္ဒယား ဆရာလည်း ဖြစ်တဲ့ ဒေးဗစ်ဖေါ်စတာ နဲ့ ပူးပေါင်းပြီး David Foster & Friends အဖွဲ့ဆိုပြီး လက်တင် အမေရိကား၊ ဥရောပတွေ အထိ နယ်လှည့် ကွန်ဆတ်ရှိုးတွေ လိုက်လံ ဖျော်ဖြေနေခဲ့တယ်။

ဗီးလ်ဂတ်(စ်)က JW မာရီယော့ဒ် ဟော်တယ်မှာ လူဂုဏ်တန်တွေ ဖိတ်ကြားပြီး လုပ်တဲ့ Muhammad Ali ရဲ့ Fight Night XV ရံပုံငွေပွဲမှာ စားပွဲပေါ်တက် ဆိုနေတဲ့ ရှရီးလ် ( Photo @Michael Buckner/Getty Images )
မနှစ်က ၈၁ကြိမ်မြောက် အော်စကာ ဆုပေးပွဲ အခမ်းအနား ဖျော်ဖြေပွဲမှာ ရော်ဘီနဗီးလ် ရေးပေးတဲ့ သူမရဲ့ ကိုယ်ပိုင်သီချင်း "Fingerprint" သီချင်းကို ကမ္ဘာ့ အကျော်အမော် အနုပညာရှင်တွေ ကြားမှာ သီဆိုဖျော်ဖြေခွင့် ရခဲ့တယ်။ ဟောလီးဝုဒ် ရုပ်ရှင်နောက်ခံ သီချင်းနယ်ပယ် အထိ ခြေဆန့်လာတဲ့ အရှေ့တောင် အာရှသူ မိန်းမငယ်လေး ရှရီးလ် ဟာ အခုလာမဲ့ နောက်အပါတ် ချစ်သူများနေ့မှာ သူမရဲ့ ဆင်ဂယ်လ် ပိရမစ် ထွက်မှာ ဖြစ်သလို မြို့တော် မနီလာမှာ ဆိုလိုရှိုး သီဆိုပြပါမယ်တဲ့ ခင်ဗျား။ အဲတာကတော့ လတ်တလော ဒူကဘာ သိတဲ့ ဖါးမလေး အကြောင်းပါ၊ အရင်က ဒူကဘာ သိခဲ့တဲ့ ဖါးမ လေးတွေ ကတော့ ( အိမ်ကဟာကြီး သိမှာမို့ ပြောတော့ဖူး ) အဲလေ … ယောင်လို့၊ ပြဿနာတော့ တက်တော့မှာပဲ။ ဒီအပါတ်တော့ ဒီလောက်ပဲနော် မနက်ဖန်ဆို ဘော်ဘော် တယောက် ဖိလစ်ပင်း သူနဲ့ စွံသွားလို့ လက်ထပ်ပွဲ သွားရဦးမယ် ….. အင်း …..သူလဲ ....ဖါး….ဖါးးးးးဟား ဟာာာာာာား ။














