Author: ဒူကဘာ
•7/15/2009 02:15:00 AM
အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို ၅တန်းရောက်မှ နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ရတဲ့ ဒူကဘာတို့ တသက်လုံး အင်္ဂလိပ်တောထဲမှာ နိစ္စဓူဝ နေနေရမယ်လို့ မထင်ခဲ့ရိုး အမှန်ပါ၊ ပဉ္စမတန်း တုန်းကများ ဆရာမက A ရေးပြတာကို ရွာက လှည်းမှာ ထောက်တဲ့ ဒေါက်ကြီး ထင်နေမိလို့ ..... ဘုရားသခင်! ၊ B တို့ C တို့ ဆက်သင်တော့လည်း ဘေးနားက အတန်းဖေါ် ရေးနေတာကို ကြည့်ပြီး အိမ်မှာ မီးဖိုချောင်ထဲက ပုလင်းထဲ ထည့်သိမ်း သိမ်းထားတဲ့ ပုဇွန်ခြောက်တွေ အမှတ်နဲ့ ကောက်ကောက် စားမိတော့ မလို့ ခဏခဏရယ်၊ အခုတော့များ စားလဲသူ အိပ်လဲ သူကို ဖြစ်လို့ပေါ့။ မသိစိတ်နဲ့ ယောင်ရင်တောင် ၈ တဲ့လေ။

ဟိုးအရင်တုန်းက ရွာမှာ အခုလိုပဲ မီးက သိပ်လာတာ သိပ်မှန်တာ မဟုတ်တော့ အိမ်တိုင်း ဘက်ထရီနဲ့ ထွန်းတဲ့မီးချောင်း သုံးကြရတယ်၊ လမ်းထိပ်က ညနေ ညနေဆို ကချင် အရက်ရောင်းတဲ့ ဦးဒေါင်လွန်းကြီးကို မနက်ပိုင်း ဒူကဘာတို့ ကလေးဘဝက ကျောင်းသွားချိန်ဆို အချိန်မှန်ပဲ ဘက်ထရီအိုးတွေ ၂လုံး၊ ၃လုံးဆွဲလို့ လမ်းမှာ ကြုံတတ်တယ်၊ အဲဒီတော့ ပဋိသန္ဓေရ စကားဆိုတာပေါ့ ဦးဒေါင်လွန်းကြီး ဘယ်သွားမလို့လဲ ဆိုတော့ ဦးဒေါင်လွန်းက ဆိုတယ်၊ ပထဝီ သွားသွင်းမလို့တဲ့ အဲတော့ လူကြီးတွေ မှားတာကို သိတဲ့ ကလေးဖြစ်တဲ့ ဒူကဘာက ဦးဒေါင်လွန်း …. ! ပထဝီ မဟုတ်ဖူး ဘက်ထရီလို့ ခေါ်တယ် မှားနေတယ် အဲလိုသင်ပေးတယ်၊ သူလဲ နေပြည်တော်က ဘဘကြီးလိုပဲ ခေါင်းမာတာတော့ အမှန်ပဲ၊ ဘယ်တော့မှ အမှန် မဆိုဖူး၊ အရေးထဲ အထွန့်ကတက် လိုက်ရသေး၊ နင်တို့ ခေတ်စကားက မှန်လား? မှားလား? ငါ မသိဖူး၊ ငါ့မှာတော့ ဒါနဲ့ အသားကျနေပြီ ဆိုတယ်၊ ဒါနဲ့ ဒူကဘာလည်း ရွဲ့ပြီး ပထဝီ အားသွင်းတယ် ဆိုတာကို အင်္ဂလိပ်လို ခါချဉ် သွင်းတယ်လို့ ( အမှန်တော့ Charging ) ခေါ်တယ် ပြောတော့၊ နောင်များ လမ်းမှာတွေ့ရင် ဦးဒေါင်လွန်းကြီး ခေါ်လိုက်တာနဲ့ “ပထဝီ ခါချဉ်သွားသွင်းမလို့” လို့ တန်းပြောတာ၊ ဒါကြောင့် ကျုပ်တို့ လူမျိုးတွေက “ သေရဲတယ်၊ တိုက်ရဲတယ်၊ အမှား မပြင်ရဲဖူးလို့ ” သူတကာတွေ ပြောတာများ မှန်နေမလားပဲ။

လွန်ခဲ့တဲ့ ၁၅နှစ်ကျော် ကလည်း ဒူကဘာ တယောက် ကမ်းကုန်လို့ ရေထဲ ရောက်ဖူးပါတယ်၊ တခါသားမှာ ဗမာလူမျိုး သင်္ဘောကပ္ပတိန် တယောက်နဲ့ အမှတ်မထင် ပင်လယ်ထဲမှာ အားအားယားယား Control Room မှာ စကားပြောနေတုန်း သူက ဘေးခပ်လှမ်းလှမ်းက ဖြတ်သွားတဲ့ M.V. BUT-2 သင်္ဘောကို သူက မှန်ဘီလူးနဲ့ ကြည့်ပြီး ဘွတ်တူးလို့ အသံထွက် ဖတ်လိုက်တယ်၊ ဒူကဘာလဲ ကိုယ်မြင်တာ မသေခြာလို့ များလားဆိုပြီး ဘေးက မှန်ဘီလူး ယူပြီး ထပ်ကြည့်လိုက်ကာ၊ ရှည်ပြီး “သူကြီး … ဘတ်တူး မဟုတ်ဖူးလား?” မေးတော့ မရှည်နဲ့ ငါ … သူကြီး ငါဘွတ်ရင် အားလုံးဘွတ်ပဲတဲ့၊ Master ever right ! တဲ့ကွ မှတ်ထားဆိုလို့ ဒူကဘာလဲ အဲဒီတုန်းက လူကြီးတွေ မှားတဲ့ အတိုင်း နင်ပြီး အဲဒီတုန်းက ဘွတ်ခဲ့ ရပါကြောင်း။ ဒါနဲ့ထပ်တော့ မမေးဖြစ်လိုက် မိဖူး Busy တွေ့ရင် အဲဒီသင်္ဘောသူကြီး ဘူးစိ (ဘူးဇိ) လို့များ အသံထွက်နေ သလားလို့? ။

နောက် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး နင်တာ တခု ရှိနေသေးတယ်၊ ဒူကဘာ တို့က ငယ်စဉ်ဘဝ ကတည်းက အဆိုတော် မွန်းအောင်ရဲ့ အဖေ ဆရာကြီး ဦးစီဒေါ့(စ်) အင်္ဂလိပ်ကျောင်း လက်ထွက်တွေပါ၊ အလယ်တန်းလောက် ရောက်လာတော့ စိတ်ကလဲ ကြွပုံရပါတယ် အဘိုးကြီးသင်တဲ့ အင်္ဂလိပ်စာက ကျောင်းသူ ချောချောလေးတွေ တက်နေတဲ့ ကျောင်းလောက် မကောင်းဖူးထင်ပြီး၊ ဘိုနာမည်နဲ့ သင်တဲ့ကျောင်းဆရာ ကျူရှင် သွားတက်ပါလေရော၊ တရက်ကြတော့ သဒ္ဒါသင်တော့ ဆရာက နက်ကတစ် ( Negative ) ကို နဂေးတစ် လို့ ခဏခဏ ပြောနေတော့ ထုံးစံအတိုင်း ရှည်ပြီး၊ ဆရာခင်ဗျား…… နက္ကတစ် မဟုတ်လားလို့ ? မေးတော့ မင်းက ဆရာလား ? ငါက ဆရာလား ? မေးခံရတော့ ဆရာက ဆရာပါ ဆရာရယ် ပြောပြီး ကျောင်းထွက်လိုက်ရ ပါကြောင်း။

အဲဒီလိုမျိုး ဇွတ်ကြီး အပေါ်စီးကနေ အာဏာအရပဲ ဖြစ်ဖြစ်၊ ဝါအရပဲ ဖြစ်ဖြစ်၊ အခြေအနေအရ တဖက်သတ်ကြီး နင် ရတဲ့ဘဝမျိုးတွေ ကတော့ လွတ်နေပါပြီ၊ တလောကပဲ မန်နေဂျာ မှားနေတာတွေ ထောက်ပြတော့၊ မဆိုးပါဖူး သူတို့က လက်ခံသား ရွာမှာဆို သေဖို့သာပြင်၊ ဒါကြောင့်လည်း နိုင်ငံကြီးသား ပီသတယ် သူတို့ နိုင်ငံတွေ တိုးတက်တယ်ဆိုတာ ဒါမျိုး အသိတွေကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်၊ အမှန်မြင် အမှားပြင် ခံယူတတ်ဖို့လည်း လိုပါတယ်၊ ပြောစရာတွေတော့ အများသားလား ? ကိုယ့်အကြောင်းနဲ့ ကိုယ် ဒီလောက်ပဲ နင် တာ ကောင်းပါတယ်။
ကျုပ်တို့လဲ နိုင်ငံ ကောင်းစားရစ်စေဖို့ ကြီးငယ် မဟူ အမှားထောက်ပြရင် အမှန် လက်သင့်ခံဖို့တော့ ညင် လေးတော့ ပြင်သင့်ပြီ ထင်ပါ့။

This entry was posted on 7/15/2009 02:15:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

12 comments:

On July 15, 2009 3:36 AM , Thandar said...

HOTE PA, HOTE PA

 
On July 15, 2009 4:25 AM , မမသီရိ said...

ကျမ အလုပ် လုပ်ခဲ့ဖူးတဲ့နေရာက
လူတချို့ က speed boat ကို စတီးဘောက် တဲ့း)
...
ကိုဒူကဘာ ရေ
တချို့ လူတွေကတကယ်
သနားစရာ ကောင်းတယ်ရှင့်
သူတို့ မသေ တော့ဘူး ထင်နေတာ
လိုဏ်ခေါင်းကြီးထဲ ၀င်နေရင် လွတ်တော့မယ်
ထင်နေတာလေ

link ယူသွားတယ်
ခင်မင်စွာဖြင့်

 
On July 15, 2009 4:25 AM , မမသီရိ said...
This post has been removed by the author.
 
On July 15, 2009 9:11 AM , မေ့သမီး said...

နင်နေရင်ရေသောက်ပြီးမှရေးတာမဟုတ်ဘူး။ တချို့ကျတော့လည်း မေ့တာတွေရှိတယ်။ အကိုတယောက်ဆို Good Brothers ကိုလှမ်းဖတ်တာ ဂွတ်ဘရိုးသားတဲ့။ ရယ်လိုက်ရတာ။ ပြီးတော့အဲဒါ ဘာလဲမသိဘူးတဲ့။ ဘွဲ့ရပြီးပြီနော် အဲဒါ။ ကိုကြီးအဲဒါ ဂွတ်ဘုရားသားလေးဆိုပြီး အာအေးဟုတ်ပတဲ့။

 
On July 15, 2009 9:14 AM , ခွန်မြလှိုင် said...

အမှားကို ၀န်ခံတဲ့ သူတွေကို တခါ မှားဖူး တဲ့ အမှားကို အားရတိုင်းထောက်ပြီး အမှန်ပြင်တာကို အသိအမှတ် မပြုချင် နေရာ မပေးချင်တဲ့ လူတွေ များနေလို့ အမှားကို ၀န်မခံချင်တော့တဲ့လူတွေလဲ အများသား...

မှားဖူးတဲ့ လူတွေလဲ အသိစိတ်ဓာတ် ရှိဖို့ လိုသလို မှန်နေတဲ့ (မှန်နေတယ် ထင်တဲ့) လူတွေလဲ သဘောထား ကြီးဖို့ လိုပါတယ်။

အမှားကို ၀န်ခံရတာ ရှက်စရာ ဆိုတဲ့ အသိ နေရာမှာ အမှားကို ၀န်ခံပြီး အမှန် ပြင်ရဲတာ လေးစားစရာ ဆိုတဲ့ အသိတွေ ပွားများဖို့ လိုတယ် ထင်ပါတယ် ကိုဒူကဘာရေ.. နင်လွန်းလို့ ရေးတဲ့ ကောမန့်ပါပဲနော်

 
On July 15, 2009 6:40 PM , ဆောင်းယွန်းလ said...

ပထဝီအိုးကိုခါချဉ်သွန်းမယ်ဗျို့...

 
On July 16, 2009 2:06 AM , mg kyi poae said...

သေရဲတယ်၊ တိုက်ရဲတယ်၊ အမှားမပြင်ရဲဘူး ဆိုတာတော်တော်ထိတယ်ဗျာ။ အမှားလို့လက်မခံရဲတော့ မှန်ကြောင်းပြအောင်ထပ်ခါထပ်ခါမှားပြနေရတော့တာပါပဲ။

 
On July 16, 2009 4:13 AM , မဟာဆန် said...

၈ ဂဏန်းကို စွဲလမ်းတယ်ထင်ပါ့
ကျွန်မလည်း အထက်တန်းကျောင်းအထိ အသံထွက်နဲ့ ပတ်သက်လို့ နင်ဖူးတယ်။ ဆရာတွေကြောင့် ဟုတ်ပါဘူး။ အတန်းတူ သူငယ်ချင်းတွေကြောင့်ပါ။ အသံထွက်မှားတွေကြားမှာ ကိုယ်တစ်ယောက်တည်း တစ်မျိုးအသံထွက်နေတော့ ရှက်ပြီး မထွက်ရဲတော့ဘူး။ ခုတော့ နင်တော့ပါဘူး။ လျှောခနဲ လျှောခနဲပေါ့

 
On July 18, 2009 12:30 PM , Apprenticeship said...

No comments :P အလုပ်ပြုတ်မှာ စိုးလို့ :D

 
On July 19, 2009 2:25 AM , Nge Naing said...

ကျွန်မတော့ အင်္ဂလိပ်စာကို ၄ တန်းမှာ စသင်ရပါတယ်။ စနစ်သစ်ကို ခုနှစ်တန်းမှာ စသင်ရတယ်။

 
On July 19, 2009 4:23 AM , nyimuyar said...

“ သေရဲတယ်၊ တိုက်ရဲတယ်၊ အမှား မပြင်ရဲဖူးလို့ ” wow, nice words

 
On July 19, 2009 11:48 PM , Anonymous said...

အင်ဂျင်နီယာအတန်းမှာ Technique ကို တက်ကနီကျုလို့ ထွက်တဲ့ ဆရာကို အမှန်တကယ် ကြုံရကြောင်းပါ...။
ဆရာကို မပြောရဲ့လို့ ခုမှ ကွယ်ရာမှာ လာ အတင်းချပါသည်။