Author: ဒူကဘာ
•7/01/2009 12:16:00 AM
တခါသားမှာ ပြည်တွင်းက ဒိတ်ဒိတ်ကျဲ ဂျာနယ်ကြီးတစောင်ရဲ့ အယ်ဒီတာကြီးနဲ့ စကားပြောဖြစ်တယ်၊ သူက ပြောတယ် ခင်ဗျားတို့ ဘလော့ဂ်တွေမှာ ဒဲ့ကြီးတွေရေးမှ နိုင်ငံခြားမှာ ဘာတွေ ဖြစ်နေကြတာ ကျုပ်တို့ သိရတော့တယ်တဲ့။ အရင်ကဆို မိတ်ဆွေတွေ ပြတဲ့ ဓါတ်ပုံတွေမှာ အကောင်းစား ကားကြီးတွေ၊ အိမ်လှလှလေးတွေ၊ အံမခန်း ကွန်ကရစ်တောကြီးတွေ ဆိုတော့ အားလုံးပဲ ကောင်းပြီး အရာရာ ရွှေမိုးငွေမိုး ရွာပြီ စိန်စီတဲ့ လမ်းများလို ထင်နေကြတာတဲ့ အခုတော့ အံ့ပါ့….တဲ့။ သြော် အံသြ ကုန်နိုင်ဖွယ်တဲ့ နိုင်ငံပေ ကိုး။

မနေ့က မိတ်ဆွေတဦး ဒုလ္လဘ ဝတ်မယ်ဆိုတော့ အလုပ်က အပြန် ရေမိုးချိုးပြီး မိသားစုနဲ့အတူ ဘုန်းတော်ကြီးကျောင်း သွားဖြစ်တယ်၊ ဗမာ စံတော်ချိန်အတိုင်း သွားတာမို့ ရောက်တာ နောက်တောင် ကျနေပြီ၊ အဲတာနဲ့ ဘုန်းကြီးကျောင်း အနောက်ဖက် ရွက်ဖျင်တဲတွေမှာ လူတွေရုန်းစု ရုန်းစုတွေ့ပေမဲ့ နောက်ကျနေလို့ လက်စွဲတော် ကင်မရာထုတ်ပြီး ဘုန်ကြီးကျောင်းပေါ် ကသောင်းကနင်း တက်သွားတော့ ရောက်တဲ့နေရာက ဟဲ့…ဟဲ့….. ဟဲ့ ဒကာ “သိမ်” ဝင်နေတယ် အနားမလာနဲ့ ဘုန်းကြီးအော်မှ ဒရောသောပါး ပြန်ဆင်း လာရတော့တယ် ဒူကဘာ တို့က မလွဲရင် ဘာမှ မလုပ်ဖူးလေ သိတယ် မဟုတ်လား။

လှေခါးခုံ အဆင်းမှာတင် လွန်ခဲ့တဲ့ ၅နှစ်လောက် ကတည်းက ဆီအက်တယ်မှာ လုပ်တဲ့ ဈေးရောင်းပွဲ စတိတ်ရှိုးတခုမှာ ခင်မင်လာရတဲ့ အော်စကာ ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ပြန်တွေ့ပြီး၊ ဘုန်ကြီးကျောင်း အနောက်ဖက် တံခါးအထွက်က ခုံတန်းရှည်လေးမှာ ထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ် ပြောဖြစ်ကြပြီး ဗြုန်းဆို သူက အာဂျင်တာ ပြောင်းပြီး ထူးဆန်းတဲ့ အမေရိကားရောက် နောက်ပေါက် လူမျိုးတွေရဲ့ နိစ္စဓူဝကို ပြောပြပါတော့တယ်။

အမေရိကား အနောက်မြောက်ပြည်နယ်ရဲ့ ဆီအက်တယ်မြို့မှာ မြန်မာပြည် နယ်စပ်ဒေသက စစ်ပြေး ဒုက္ခသည်တွေ လွှတ်ရောက်ဆိုပဲ အော်စကာက လူလွတ်ဆိုတော့ သူ့ခမျာ အားလပ်တိုင်း သူတို့တွေရဲ့ လိုအပ်ချက်လေးတွေ လိုက်လံဖြည့်ဆည်း ပေးသတဲ့၊ ကောင်းတဲ့လူတွေ ရှိသလို ဆိုးတဲ့ လူတွေလည်း ရှိတာ ဓမ္မတာပဲ မဟုတ်လား ? အဲတော့ ကောင်းတဲ့ လူတွေ အကြောင်းတော့ သိပြီးသားမို့ မပြောတော့ဖူး ထူးခြားတဲ့ သူတွေ အကြောင်းပဲ ပြောမယ်ဆို ပြောပါလေရော။

လူတယောက်ပေါ့ဗျာ ရောက်ခါစ ဆိုတော့ အမေရိကန် အစိုးရက ဟိုလေ … ဘာတဲ့ရယ် … လူသားချင်းစာနာ ထောက်ထားတယ် ဆိုပြီး ကူညီနေတဲ့ အချိန်ပေါ့၊ အလုပ်ကလည်း မရှိသေး ထောက်ပံ့ကြေးကလည်း ရနေသေးတော့ အရက်လေး တမြမြ နဲ့ မူးလာတိုင်း သူ့မိန်းမကို အရိုးစွဲအောင် ရိုက် သတဲ့။ သူတကာတွေက ပြောမနိုင်လို့ လူငယ်လည်းဖြစ် အကူညီလဲ ပေးနိုင်တဲ့ အော်စကာကို အရပ်က တိုင်လို့ အော်စကာက အကျိုးသင့် အကြောင့်သင့် ပြောပြသတဲ့ “ဒီနိုင်ငံမှာ ခင်ဗျား … မိန်းမ မပြောနဲ့ သတ္တဝါဖြစ်တဲ့ ခွေးတောင် ရိုက်မရဖူး ထောင်ကျမယ်လို့” ပြောတော့ ဆရာသမားက ရီဝေဝေ လေသံနဲ့ “ကိုယ့်မိန်းမ ကိုယ်ရိုက်တာ ဟုတ်ပါ့မလား မောင်ကာလုရဲ့” လို့ ဆိုသတဲ့။

နောက်၂ရက်လောက် အကြာ ညနေခင်းတခုမှာ အော်စကာ့ဖုန်းထဲ Missed Calls ၆ခုလောက် ဆင့် ဝင်နေလို့ ကြည့်လိုက်တော့ မောင်ကာလု ခမျာမှာ နေဝင်ရီတရော ရောက်ရင် အရိုးစွဲအောင်လုပ်တာ ပုလိပ်က ဖမ်းထား ပါလေရောလား ဗျာ။ ပုလိပ်က အမှုတော့ ဘယ်လောက်ချမလဲ မသိသေးဖူး၊ မျက်ကွင်းညိုနေတဲ့ မိန်းမကို ဓါတ်ပုံတွေ ပါတ်ချာလည်ရိုက် အခင်း ဖြစ်ပွားတာကို ကြောက်နေတဲ့ ကလေးတွေကို စကားပြန်နဲ့ မေးပြီးရေးမှတ်တာ လျှောက်လွှာစာရွက် တထပ်ကြီးပဲ ရသတဲ့၊ မိန်းမကလည်း မပေါင်းနိုင်ဖူးလို့ ပုလိပ်ကို ဆိုလိုက် သတဲ့၊ ဒီတော့ မောင်ကာလုကို ၄ရက်ချုပ်ပြီး မိသားစုနှင့် တွေ့ခွင့်မရှိ၊ အိမ်နှင့် ကိုက် ၅၀၀ အကွာမှာ ခပ်ခွာခွာနေရမယ်လို့ အဆက်အသွယ် မလုပ်ရ ဆိုပြီး ရုံးချိန်းကို ဒီအပါတ်ထဲ ဆင့်ဆိုထားတယ်တဲ့ သေခြာတာကတော့ မောင်ကာလု ထောင်ကျမှာပါ၊ ဒီမှာ ဒီလိုအမှုမျိုးကို ရွှေမြန်မာတွေ အဖြစ်များပါတယ် Domestic Violence လို့ ခေါ်တဲ့ အိမ်တွင်း အကြမ်းဖက်မှုမျိုးပါ။ အရင်ဒီလို အရိုးစွဲအမှု ဖြစ်ခဲ့ဖူးသူ တယောက်ကတော့ ပြန်လွတ်လာပြီး အလုပ်ရှာတာ ၆လကျော်ပါပြီ အလုပ်တွေက လက်မခံလို့ အလုပ်မရသေးပါဖူး၊ ဒါကြောင့် ဒီလို အလားတူ အမှုမျိုးတွေ ရင်ဆိုင်ရပြီး လုပ်ချင်ရဲ့နဲ့ အလုပ်မရ ဖြစ်နေကြသူတွေ အမေရိကားမှာ အများကြီးပါပဲ၊ လူကြီးသူမတွေ ပြောတဲ့ အလုံးအဖန် ပုံသဏ္ဍာန်မပျက် လုံးပါးပါးတယ် ဆိုတာ ဒါမျိုးလေလားတော့ မသိတော့ချေ။

ဒီမှာကတော့ ရိုက်တာမပြောနဲ့ ရွယ်တာနဲ့တင် ပါတ်ဝန်းကျင်က မြင်လို့ တိုင်ရင် လောလောဆယ် အဖမ်းခံရပြီး အမှု ဖြစ်ပါတယ်၊ နောက်နေ့ မိန်းမက စိတ်ပြေလို့ ကျေနပ်ပါတယ် ရဲစခမ်းမှာ ပြောရင်တောင်၊ ရဲကို လျှော်ကြေးပေးရပြီး ကာယကံရှင် ကတော့ ခရစ်ဘရောင်းတို့လို နာရီ ဘယ်နှစ်ရာ Social Work တွေလုပ်ရပြီး Violence နဲ့ပါတ်သက်တာ သင်တဲ့ Rules and Regulation ကျောင်းတွေ တက်ရပါတယ်၊ အမေရိကားမှာ မိမိ မှန်မှန် မှားမှား အာရှလို ယောကျာ်း ဘာသ တန်ခိုးပြဖို့ အခွင့်အလန်း လုံးဝ မရှိပါဖူး၊ ဒါကြောင့် သူငယ်ချင်း တယောက်က စိတ်နာနာနဲ့ ပြောပုံရပါတယ် “ယောကျာ်း ဆိုတာ အနောက်နိုင်ငံမှာ ခွေးလောက်တောင် အဆင့် မရှိဖူးတဲ့” အခွင့်အရေး ရှိသူများကတော့ “မိန်းမ၊ ခလေး၊ ခွေး” တဲ့ဗျားးးးး။ ဒါကလည်း ဝိဝါဒ ကွဲပြားချင်လို့ ရေးတာ မဟုတ်ပါဖူး၊ သိစေချင်တဲ့ သဘောရယ် သက်သက်ပါ၊ အဖြေကတော့ ပညာရှင်တွေ ရှာပါလိမ့်မယ်၊ ဒီလိုဖြစ်နေလို့ ဒူကဘာ့ လာပြောရင် ဒူကဘာ ကလည်း ပြောမှာပေါ့ မိန်းမဆိုတာ ကြောက်စရာမှ မရှိတာ သူခိုင်းတာ လုပ်ပေးလိုက် ပြီးနေတာပါပဲ …. ဟုတ်ဖူးလား? ဒါမှမဟုတ် သူ့ကို အခွင့်အရေး အပြည့်ပေးလိုက်ပေါ့ ဟတ်လား? ဒါလင်ရေ…. ထမင်းချက်မလား? ချက်လိုက်၊ အဝတ်လျှော်မလား? လျှော်လိုက်ဦး နောက်ဆုံး ဂျူးပြောတဲ့ Feminism ထူထောင်ချင်လား? ထောင်ပေါ့၊ လုပ်ပေါ့ တအိမ်လုံးရှိတဲ့ အလုပ်တွေ အကုန်လုံး စိတ်တိုင်းကျ လုပ်နိုင်သေးတယ် မဟုတ်လား မြင်တတ်ဖို့ပဲ လိုတာပါ။ နောက်တမျိုးက Individualism ထွန်းကားတဲ့ ဒီနိုင်ငံမှာ နေတတ်အောင်လို့ သမီးမွေးထားတဲ့ သူငယ်ချင်း တယောက်က သူ့သမီး လမ်းပေါ်ပြေးရင်း လဲကျသွားတာ အဖေ့မြင်တော့ ငိုမလို့ လုပ်နေတုန်း အဖေ ဖြစ်သူက “မိန်းမကွ မနာဖူး မငိုဖူးကွ… ဒါမှ မိန်းမကွ လို့” အော်ပြီး သမီးကို အားပေးတာလည်း တွေ့ဖူးပါတယ်၊ ခေတ်နဲ့ စံနစ် လူတွေလည်း အန်ကျလို့။

နောက်ရှိသေးတယ် မတူကွဲပြားတဲ့ ပြဿနာတွေ ယဉ်ကျေးမှုချင်း တိုက်မိပြီး မတော်တဆမှုတွေက များလာလို့ အစိုင်အခဲ ထုထည် ကြီးမားလာမှာ သေခြာသေးတယ်၊ ခြံကျော်မှုတွေ၊ အရက်မူးပြီး ကားမောင်းမှုတွေ၊ Public Violation လို့ ခေါ်တဲ့ ပါတ်ဝန်းကျင် အနှောက်အယှက် ဖြစ်အောင် အရက်မူး ရန်ဖြစ်၊ စကားတွေ ရွာမှာလို ဖွာလောင် ဖွာလောင် ပြောလို့ ဘေးအိမ်က တိုင်တာတွေ၊ ခရက်ဒစ်ကဒ်တွေ အသုံးကောင်းပြီး ပြန်မဆပ် နိုင်တာတွေက မြန်မာ လူမျိုးစုတွေထဲမှာ ဖြစ်ဖန်များလို့ ခေါက်ရိုးများကို ကျိုးပြီး ဖန်တရာတေ နေသလောက်ပါပဲ။ အခုလို အမေရိကားက စီးပွားကျနေချိန်မှာ အလုပ်တွေက Laid Off အနားပေးထားလို့ အစိုးရ ထောက်ပံ့ကြေး ထိုင်စားနေချိန်မှာ ဒီလိုအဖြစ်မျိုး ပိုပြီး ဖြစ်နိုင်ပါတယ်။

တလောကလည်း ဒူကဘာတို့ နေတဲ့မြို့မှာပဲ ဘာတဲ့ရယ် အာရုံ အရလွန်လို့ ဖမ်းခံရတယ် ဆိုလား? ကြားမိသေးတယ်၊ ဖြစ်ပုံက ဒီလို ကိုရွှေတွေပါပဲ ညအလုပ်က အပြန် လမ်းထဲအဝင် လမ်းခုလတ်က အိမ်တအိမ်မှာ အမေရိကန်မ တယောက်က သူ့အိမ်ရှေ့ခန်းမှာ ဝတ်လစ်စလစ်နဲ့ နေတော်မူသတဲ့၊ အဲတာကို ကိုရွှေက လမ်းလျှောက် လာတာမြင်ပြီး အာရုံရလို့ ရပ်ကြည့်ပါသတဲ့၊ အာရုံက အရှိန်ရပြီး ခြံထဲပါ ဝင်ပြန်သတဲ့ ဒါနဲ့ အဲဒီအိမ်က ရိပ်မိလို့ ရဲခေါ်တာတောင် သူက အာရုံရနေလို့ မရိပ်မိကာ ရဲဖမ်း ခံရသတဲ့ဗျာ။

အရက်မူးပြီး ကားမောင်းတဲ့ အမှုတွေက အမေရိကားမှာ မနှစ်က ပိုများလာလို့၊ ဒီနှစ်တော့ “နောက်တော့ တမျိုး တိုးလို့” သီချင်းလိုပဲ အရက်မူးပြီး ကားမောင်းလို့ ရဲက D.U.I (Driving Under the Influence) အပြစ်ဒါဏ် ပေးပြီ ဆိုရင် ရှိတဲ့ အလုပ်ကလေးလည်း မပျက်ရအောင် မိမိ အလုပ်နားရက်တွေမှာ Jail Weekend လို့ခေါ်တဲ့ အားလပ်ရက် အချုပ်ထဲ သွားနေခြင်း စနစ်မျိုးတွေ ရှိနေပါပြီ၊ အပြစ်တွေ ကျေလို့ ကား အာမခံကြေး မြှင့်တက်လာလို့ မတတ်နိုင်လို့ ကားမမောင်းနိုင်ခြင်း မျိုးတွေ ရှိပါတယ်၊ အမေရိကားဆိုတာ လူတကိုယ် ကားတစင်းပါပဲ၊ အလုပ်တွေ ကလည်း ကားရှိမှ ခန့်တဲ့ အလုပ်တွေများပါတယ်။

အခု ဖေါ်ပြချက်တွေဟာ ဝင်လာမဆဲ တသဲသဲ ဆိုတဲ့ လူသစ်တွေမှာမှ တွေ့ရတတ်တာ များပါတယ်၊ အနေကြာတဲ့ လူဟောင်းတွေက အောက်သက် ကြေကုန်ပြီလား မသိ၊ ဒီလို ဖြစ်နေရတာတွေဟာ ကွန်မြူနတီလို့ ခေါ်တဲ့ လူမှုအသိုင်းအဝိုင်း မထူထောင်နိုင်သေးတဲ့ ဒေသ၊ ယင်းနဲ့ လက်လှမ်းမမှီ နိုင်တဲ့ နေရာမျိုးကို ရောက်သွားတတ်သူတွေမှာ တွေ့ရပါတယ်၊ အမေရိကားဆိုတာ တကမ္ဘာလုံးမှာ ရှိတဲ့ လူမျိုး၊ ဘာသာ၊ အယူကွဲ ပေါင်းစုံနေထိုင်ပြီး၊ ဒီမိုကရေစီ ဆိုတဲ့ နောက်ကွယ်မှာ ခိုင်မာတည်မြဲမှု ဥပဒေသတွေနဲ့ ချည်နှောင်ထားတာပါ။

ဆိုးချင် ရမ်းချင်တဲ့ လူအတွက် အော်စကာ့ Focus နဲ့ ပြောရယင် အမေရိကားကို ရောက်တာနဲ့ အမေရိကန် အစိုးရက ဗိုက်ခေါက် ဆွဲလိမ် ထားလိုက်တာပါ၊ ခင်ဗျား တရစ်တက်ယင် သူက တရစ်တက်ရော ဆိုးချင်တိုင်း ဆိုးလို့ ကတော့ဗျာ ဗိုက်ခေါက် ပြတ်အောင် လိမ်ချလိုက်တော့ တာပါပဲ အဲဒီ လူတွေရဲ့ နောက်ဆုံး အန္တိမ ကတော့ ကားလမ်းဘေးတွေ ဂုံးကျော်တံတားတွေ ဘေးနားမှာအိပ်ပြီး လမ်းဘေး ဆိုင်းဘုတ်ကိုင် တောင်းရတဲ့ Homeless အဖြစ်ဆိုးကို ရောက်ရတာပါပဲ၊ ဟောလီးဝုဒ် ရုပ်ရှင်ထဲက ဟာတွေက ကြည့်ကောင်းအောင် ရိုက်တာဗျ၊ အပြင်မှာက တမျိုးတဲ့လေ။

ဒူကဘာ့ အမြင်ကို ပြောရယင် ကောင်းတဲ့ အချက်တွေလည်းရှိပါတယ်၊ ဘာလုပ်လုပ် ဥပဒေသတွေ ချည်နှောင်ထားလို့ စိတ်ကွယ်ရာ မရှိဖူးဆိုတာ ပြောပြတာပါ၊ အမေရိကားမှာ Culture Shock မဖြစ်အောင် ဘယ်လို ဘောင်ထဲက ဆောင်ရန် ရှောင်ရန်တွေနဲ့ နေထိုင်ကြမယ် ဆိုတာ နောက်ပို့(စ်)တွေမှာ ရေးဖြစ်မှာပါ၊ အမေရိကန်ပြည်ထောင်စု ဆိုတာ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုသလို ပြည်နယ်ပေါင်း ၅၀ ရှိတာမို့ ပြည်နယ်တခုခြင်းစီရဲ့ သက်ရောက်ဆဲ ဥပဒေသတွေနဲ့ တူညီချင်မှ ညီမှာပါ၊ ဒူကဘာ အခု ရေးသားချက်ဟာ ပစ္စဖိတ် ကမ်းရိုးတန်း အနောက်ဖက်ခြမ်း ပြည်နယ်များနဲ့သာ သက်ဆိုင်ပါတယ်။

ဒီရပ်ကွက်ထဲက အကြောင်းအရာတွေက သူများအကြောင်း ကွိစိကွစ တွေဆိုတော့ အဝါရောင်သန်း နေတာတော့ အမှန်ပဲ တိုက်ဆိုင်မှု ရှိလျှင်တော့ .....

ထုံးစံအတိုင်း ကြုံး … ကြုံတတ် ပလေတယ် … ပေါ့ဗျာ။
This entry was posted on 7/01/2009 12:16:00 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

13 comments:

On July 1, 2009 1:27 AM , ကလူသစ် said...

တော်သေးတာပေါ့ အမေကြီးကား လာမနေမိလို့ ။ တို့က မီးကုန်းယမ်းကုန်လွတ်လပ်မှကြိုက်တာ။ နဲနဲကျပ်ရင် ဟိုအခွင့်အရေး ဒီအခွင့်အရေးနဲ့ ကိုင်ပေါက်ချင်သေးတာ :)

 
On July 1, 2009 1:42 AM , လင်းဒီပ said...

ကြားရတာ နားဝမှာမသက်သာ..
ဗဟုသုတတွေပေးလို့ ကျေးဇူးဗျာ..
ကိုကြီးဒူရေ...။

 
On July 1, 2009 2:04 AM , Nge Naing said...

ကောင်းတာလည်းရှိတယ်၊ မကောင်းတာလည်းရှိတယ် ဆိုတဲ့အထဲမှာ မိန်းမရိုက်တဲ့ ယောက်ျားကို အပြစ်ပေးတာ မကောင်းဘူးလို့ ဆိုလိုချင်တာလား။ ကျွန်မကတော့ ဒါကိုကောင်းတဲ့အထဲမှာပဲ ထည့်မှာ မကောင်းတဲ့အထဲမှာ ထည့်ဖြစ်မှာမဟုတ်ဘူး။

 
On July 1, 2009 2:35 AM , myatnoe said...

အဲလို အမှန်တရားတွေ ကို မြန်မာပြည်မှာနေထိုင်ကြကုန်သော လူကြီးလူငယ် အကုန်ဖတ်မိကြပါစေ။

အမှန်တရားတွေကို တင်ပြပေးတဲ့ website တွေအားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ဖတ်ရတာ ဗဟုသုတလည်းရပါတယ်။

ကျနော့် ဘလော့မှာ လင့်ပါရစေနော်...။

 
On July 1, 2009 9:08 AM , Heartmuseum said...

ဟီးးးးး ပြောပြအုံးမယ်.... အဝါရောင် သန်းတာလေး ဟိုတလောက သူငယ်ချင်း တယောက် မွေးနေ့လုပ်တာ ဘော်ဒါ အင်္ဂျင်နီယာ တယောက် သောက်လိုက်တာ လွန်သွားတယ်။ အိမ်ကို မွေးနေ့ရှင်က ကားမောင်းပို့ရတော့ သူ့မိန်းမက ရှက်ပြီး အဝင်ဝတင် ဆော်ထည့်လိုက်တာဗျ။ ဒီမှာတင် ယောင်္ကျားကလဲ ရှက်ပြီး ပြန်ဆော်ပေါ့ဗျ။ ဟေးးး ဟေးးးးး နှစ်ယောက်လုံး ဝင်သွားရလို့ ကျုပ်တို့မှာ အတော် အလုပ်ရှုပ်သွားတယ်ဗျာ။ ဒီကြားထဲ မိန်းမက ရဲစခန်း အတွေ့အကြုံ မရှိတော့ ကြောက်လန့်ပြီး မူးလဲသွားလို့ 911 ကို ရဲကခေါ်ပြီး ဆေးရုံတင်လိုက်ရတယ်ဗျို့.... US $ ၃ထောင်ကျော် ပြုတ်သွားတယ်ဗျာ..... ဟီးးးးးး ကဲ.. ဘယ်သူ့ကို အပြစ်တင်မလဲ.... ကျွန်တော်ကတော့ မွေးနေ့ရှင်ကိုပဲ အပြတ်ဆဲလိုက်တယ်... :D :P

 
On July 1, 2009 8:57 PM , Ko Boyz said...

ဒါတွေကြောင့် အမေကြီးကားကို မလာချင်တာ။
ဒီသပျစ်သီးက တစ်အား ချဉ်တာပဲဗျာ..။

 
On July 2, 2009 5:04 AM , ဒူကဘာ said...

ကလူသစ် ကတော့ လီကွမ်ယုရဲ့ ဆီမီး ဒီမိုကရေစီ အောက်မှာပဲ ပျော်ပျော်နေတာ ကောင်းပါတယ်၊ နို့မို့ ခင်ဗျားလာရင် အနေကြပ်မှာမို့ပါ။

ကိုဒီပရေ....ဒါမျိုးတွေလည်း ရှိတယ် ဆိုတာ Reality ကို တင်ပြတာပါ၊

မငယ်နိုင်ရေ ...ယောကျာ်း ရိုက်တာ ပဲ မပြောနဲ့ ကနေဒါမှာ မိန်းမက ရိုက်လို့ ပါတ်ဝန်းကျင်က မြင်မကောင်း လွန်လွန်းလို့ 911 ခေါ်ရတဲ့ အဖြစ်မျိုး ယောကျာ်းတွေလည်း ရှိပါ့ဗျား၊ သူ့ မိန်းမက အရင်က ဘားမား သံလုံးပစ် လက်ရွေးစဉ် ဆိုပဲ။ အမလေး ... ဂျနီဖါတင်လေး ထက် အကောင်ကြီးတဲ့ မိန်းမမျိုး ယူမိတယ် ထင်ပါရဲ့။

ကိုမြတ်နိုးရေ... လင့်(ခ်) ချိတ်တာ ကျေးဇူးပါပဲ၊ တခုခု မက်ဆေ့ခ်ျပေးတဲ့ သဘောနဲ့ ရေးဖြစ်တာပါ။

ပြတိုက်ကြီးရေ... မိန်းမ ရိုက်ခံရတာ ရှက်စရာ မဟုတ်ဖူးဆိုတာ ဘော်ဒါကြီး အင်္ဂျင်နီယာ ပြောပေးစမ်းပါ၊ ကနေဒါမှာ လည်း သူ့လိုလူတွေ ရှိနေတယ်ပေါ့ ဟတ်လား?....။

ကိုဘွိုက်ရေ.... ဒီကိုရောက်ပြီး မပြန်ဖြစ်တဲ့ လူတွေပဲ ရှိတယ်နော့၊ နောက် ပျော်စရာတွေလည်း ရေးဦးမှာပါ။

မနောမြေကို သိသိ မသိသိ လာဖတ်သူများကို တကယ်ပဲ ကျေးဂျူးကဘာ ပါ။

 
On July 2, 2009 7:08 AM , nyimuyar said...

bro, thanks for you sharing experience.

 
On July 2, 2009 8:54 AM , ကမာနီလာ said...

မိန်းမဆိုတာကလည်း အရိုးစွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်သကိုးဗျ၊ ဒါနဲ့ ဒူဒူ ဘယ်နှစ်ခါ အချုပ်ထဲဝင်ပြီးသွားပြီလည်း၊ ဟီး...ဟီး

 
On July 2, 2009 4:39 PM , TNS said...

ဒူဒူတို့ ကတော့ အပိုးကို ကျိုးနေမှာဘဲ....
း)

 
On July 3, 2009 2:52 AM , mg kyi poae said...

ကိုကြီးဒူဒူလိုပဲ ကျွန်တော်လည်း ငြိမ်းချမ်းရေးသမားပါ။ ဘာမှပြန်ပြောမနေတော့ဘူး ခိုင်းတာလုပ်ပေး နားအေး ဟီးဟီး

 
On July 4, 2009 11:22 PM , မသက်ဇင် said...

နယ်သားရေ
အမေရိကားမှာချစ်စရာအကောင်းဆုံးဥပဒေကတော့
အမျိုးသမီးတွေအတွက် အခွင့်အရေးပေးထားခြင်းပါပဲ
မိန်းမရိုက်တဲ့ ယောက်ျားကို အပြစ်ပေးသင့်တယ်
ခင်မင်လျက်

 
On July 5, 2009 3:10 AM , မဆုမွန် said...

ဟီး ရယ်ရတယ် မူးမူးနဲ့ မေးမေးပြီး ရိုက်တဲ့ ယောက်ျားတွေကို မေးမေးပြီး အမူးပြေအောင် မိန်းမတွေက ပြန်ဆော်သင့်ပါတယ် ကိုယ်လုံးတီးကို အာရုံခံပုံကို မြင်ယောင်မိပီး ပြုံးသွားတယ်